အပြည်ပြည်ဆိုင်ရာ မျောက်များနေ့ (International Monkey Day) – Hlawga National Park

အပြည်ပြည်ဆိုင်ရာ မျောက်များနေ့ (International Monkey Day) ၊🐒🐒🐒

ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မျောက်များနေ့(Monkey Day)မှာ တိရစ္ဆာန်ဥယျာဉ်ထဲက မျောက်လေးတွေအကြောင်းကို ဗဟုသုတအနည်းငယ်မျှဝေချင်ပါတယ်။

မျောက်တွေကို အမြီးပါမျောက်နှင့် အမြီးမပါမျောက်ဟူ၍ နှစ်မျိုးခွဲခြားထားပါတယ်။ ဒါ့အပြင် အမြီးပါ မျောက်တွေကိုလည်း(၂)မျိုးပြန်ပြီး ထပ်မံခွဲခြားထားပါတယ်။

ဒီနေ့ကျရောက်တဲ့ မျောက်များနေ့(Monkey Day) မှာ အမြီးပါမျောက်ကလေးတွေအကြောင်းကို ဗဟုသုတအနည်းငယ် မျှဝေပါရစေ…

ပထမဦးဆုံးအနေနဲ့…အမြီးပါမျောက်တွေကို…အင်္ဂလိပ်လို(Monkeys) လို့ခေါ်ပြီး၊ အမြီးမပါတဲ့ မျောက်တွေကိုတော့ (Ape) လို့ခေါ်ပါတယ်။

အမြီးပါမျောက်နှင့် အမြီးမပါ မျောက်တွေကို သတ္တဗေဒဘာသာရပ်အခေါ်ဝေါ်အနေနဲ့ မျိုးစဉ်(Order) လိုခေါ်တဲ့ ၊ ပရိုင်းမိတ် (Primates) အတွင်းမှာ ပါရှိတဲ့အတွက် ကျွနှ်ပ်တို့လူသားတွေနဲ့ မျိုးစဉ်တစ်ခုတည်းမှာ အတူတည်ရှိနေတာကြောင့် မျောက်တွေဟာ လူတွေနဲ့ပိုမိုနီးစပ်ပြီး အခြားသောတိရစ္ဆာန်များထက် အသိဉာဏ်ကိုမိုမြင့်မားကြပါတယ်။

အမြီးပါတဲ့မျောက်တွေကို ထပ်မံပြီးခွဲခြားပြရရင် ကမ္ဘာဟောင်းမျောက်(Old World Monkeys) နှင့် ကမ္ဘာသစ်မျောက်(New World Monkeys) ဆိုပြီး (၂)မျိုးထပ်မံခွဲခြားကြပြန်ပါတယ်။

ကမ္ဘာသစ်မျောက်တွေဟာ တောင်အမေရိကတိုက်ထဲမှာနေထိုင်ပြီး ကမ္ဘာဟောင်းမျောက်တွေကတော့ အာရှတိုက်နှင့် အာဖရိကတိုက်တွေမှာ နေထိုင်ကြပါတယ်။

ကမ္ဘာသစ်မျောက်နဲ့ ကမ္ဘာဟောင်းမျောက်တွေကို ယခုလို ခွဲခြားလေ့လာနိုင်ပါတယ်။

ကမ္ဘာဟောင်းမျောက် :

▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်ပါရှိသည်။ ▫️အမြီးပါရှိသော်လည်း ထိုအမြီးဖြင့် သစ်ပင်/သစ်ကိုင်းများကို မတွယ်ချိတ်နိုင်ပါ။ ▫️နှာခေါင်းပေါက်တစ်ခုနှင့် တစ်ခုနီးကပ်သည်။ ▫️တင်ပါးချပ်ပါရှိသည်။ ▫️မြေပင်နှင့် သစ်ပင်များပေါ်တွင် နေထိုင်သည်။ ▫️အရောင်မျိုးစုံကို မြင်နိုင်စွမ်းရှိသည်။ ▫️ကမ္ဘာသစ်မျောက်ထက် များစွာအရွယ်အစား ကြီးမားပါသည်။

ကမ္ဘာသစ်မျောက် :

▫️အစာသိုလှောင်နိုင်သည့် ပါးစောင်အိတ်မပါရှိပါ။ ▫️သစ်ပင်ကိုချိတ်လို့ရသည့်အမြီးပါရှိသည်။ ▫️နှာခေါင်းပေါက်တစ်ခုနှင့်တစ်ခု ကွာဝေးသည်။ ▫️တင်ပါးချပ်မပါရှိပါ။ ▫️သစ်ပင်များပေါ်တွင် အနေများပါသည်။ ▫️အရောင်မျိုးစုံကို မြင်နိုင်စွမ်းမရှိပါ။ ▫️ကမ္ဘာဟောင်းမျောက်များထက် အရွယ် အစားသေးငယ်ပါသည်။

ဒီလိုကွဲပြားခြားနားချက်တွေကို သိပြီးပြီးဆိုရင်တော့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို အလည်ရောက်ခဲ့ရင် ကမ္ဘာဟောင်းမျောက်တွေနဲ့ အမြီးမပါတဲ့(Ape) လို့ခေါ်တဲ့ မျောက်မျိုးစိတ်တွေအကြောင်း ခွဲခြားလေ့လာမှတ်သားကြည့်ကြဖို့ မမေ့နဲ့ဦးနော် 🤗🤗🤗

Copyright 2018. All rights reserved.