🌳အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ 🌳 (International Day of Forests) – Hlawga National Park
🌳အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ 🌳 (International Day of Forests)   ကမ္ဘာ့ကုလသမဂ္ဂ (United Nations) မှ ဦးစီး၍ နှစ်စဉ်နှစ်တိုင်း မတ်လ (၁၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ (United Nations) မှ သစ်ပင် သစ်တောများသည် ကမ္ဘာကြီးအတွက် သန့်ရှင်းသည့်လေထုနှင့် အခြားသောကောင်းကျိုးများစွာကို ဆောင်ရွက်ပေးနေသော သစ်တောများ မပျောက်ကွယ် မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း ကမ္ဘာ့နိုင်ငံများအား အသိပညာပေးသည့် နေ့တစ်နေ့လည်းဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှ စတင်၍ ဂုဏ်ပြုလာသည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့သည် ယခုနှစ်ဆိုလျှင် (၁၂) နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ အမျိုးစုံလင်သော သစ်တောတို့၏ အရေးပါမှုကို သတိပြုမိစေရန်အတွက်ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၏ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အတွက် ဆောင်ပုဒ်မှာ (Forest and Innovation) ဖြစ်ပြီး သစ်တောများကို ထိန်းသိမ်းကာကွယ်ရန် ဆန်းသစ်တီထွင်မှုများကို ပြုလုပ်လာကြခြင်းဟူ၍ ဖြစ်ပါတယ်။ သစ်တော သစ်ပင်များသည် လူသားများနှင့် တိရစ္ဆာန်များအတွက် သန့်ရှင်းသောလေနှင့် ရေတို့ကို ထောက်ပံ့ပေးရုံသာမက လူသားများအတွက် အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြပါတယ်။ သဘာဝမှပေးထားသည့် သဘာဝရတနာများဖြစ်သည့် သစ်တောသစ်ပင်များသည် ယခုဆိုလျှင် မြေယာအသုံးချမှုများ တိုးတက်ပြောင်းလဲလာခြင်း၊ သစ်တောနယ်မြေများအတွင်းသို့ လူတို့ အခြေချဝင်ရောက်နေထိုင်ခြင်းများ၊ သစ်အလွန်အကျွံထုတ်လုပ်လာခြင်းနှင့် တရားမဝင် သစ်ရောင်းဝယ်မှုများကြောင့် သစ်တောပြုန်းတီးမူ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါသည်။ သစ်ပင် သစ်တောများ ရှားပါးလျော့နည်းလာခြင်းသည် သတ္တဝါမျိုးစိတ်များအတွက် နေရင်းဒေသများ လျော့နည်းလာခြင်းကိုဖြစ်ပေါ်စေပြီး မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေကြရပါတယ်။ သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ မြေဆီလွှာတိုက်စားခံရခြင်း၊ ကောက်ပဲသီးနှံများ ရှားပါးလာခြင်း၊ အိုဇုန်းလွှာထိခိုက်ပျက်စီးလာခြင်းစသည့် အကျိုးဆက်များကို ဖြစ်ပေါ်လာစေပါတယ်။ အရွယ်ရောက်ပြီးသား သစ်ပင်တစ်ပင်သည် တစ်နှစ်လျှင် စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပေါင်ချိန် (၄၈) ပေါင်ခန့်ကို စုပ်ယူနိုင်ကြပါတယ်။ သစ်ပင်များ အလွန်အကျွံခုတ်ထွင်ရှင်းလင်းခံရခြင်းကြောင့် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက်များ ပိုမိုများပြားလာပြီး ဖန်လုံအိမ်အာနိသင်ကိုဖြစ်ပေါ်စေကာ ကမ္ဘာ့အပူချိန်ကို မြင့်တက်လာစေပါတယ်။ သစ်ပင်များကို ပြန်လည်ရှင်သန်စေခြင်းကလည်း ကမ္ဘာမြေကြီးကို ပြန်လည်အသက်ရှင်စေခြင်းနှင့် အတူတူပင်ဖြစ်သောကြောင့် သစ်ပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်း၊ သစ်ပင်မှ ထုတ်လုပ်သည့် ထုတ်ကုန်များဖြစ်သည့် စက္ကူများ၊ တစ်သျှူးများအစရှိသည့် သစ်တောထွက်ပစ္စည်းများကို လျော့ချသုံးစွဲခြင်းအားဖြင့်လည်း သစ်ပင်များ သစ်တောများ အလွန်အကျွံခုတ်ထွင်ခံရခြင်းကို တားဆီးနိုင်ပါတယ်။

 သစ်တော သစ်ပင်များကို ကမ္ဘာ့မြေ၏အဆုတ်ဟု တင်စားခေါ်ဝေါ်ခဲ့ကြပြီး လူသားတို့ အသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အောက်ဆီဂျင်ကို အဓိကထုတ်လွှတ်ပေးနေသည့် အသက်သခင်ကျေးဇူးရှင်များလည်း ဖြစ်ကြသည့်အပြင် ရေကောင်းရေသန့်ကိုရရှိစေခြင်း၊ မြေဆီသြဇာကောင်းမွန်စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ပေါက်ပွားစေခြင်း၊ ရာသီဥတုနှင့်မိုးလေဝသတို့ကို မျှတစေခြင်းစသည့် အကျိုးကျေးဇူးများကို ကမ္ဘာ့သစ်တောကြီးများက အခမဲ့အကျိုးဆောင်ပေးလျက်ရှိသည့် သဘာဝရတနာများပင်ဖြစ်ပါသည်။ ထိုကဲ့သို့ သဘာဝရတနာများဖြစ်သည့် သစ်တောများ ပြုန်းတီးလာခြင်းကို ကာကွယ်ရန်အတွက် မိမိတို့အနေဖြင့် တတ်နိုင်သည့်နေရာမှ ပါဝင်ဆောင်ရွက်ရင်း ကမ္ဘာမြေကြီး ပိုမိုစိမ်းလန်းစိုပြေလာစေရန် ဆောင်ရွက်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Copyright 2018. All rights reserved.