Bird Watching Tour at Hlawga Park
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် BIN- Birds in Nature နဲ့ WWG- Wild Wings Group တို့မှ ပူးပေါင်းပြီး လှော်ကားဥယျာဉ်အတွင်း ငှက်လေ့လာခြင်း / ငှက်ကြည့်ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။
ထိုအစီအစဉ်တွင် ဆောင်းခိုငှက်များနဲ့ အခြားငှက်မျိုးစိတ်များအား လေ့လာကြည့်ရှုခြင်း၊ မြင်တွေ့ရသည့် ငှက်များအား မျိုးစိတ်ခွဲခြား ပြသပေးခြင်းနှင့် မှတ်တမ်းတင်ခြင်းများပါဝင်ခဲ့ပြီး၊ ငှက်ကြည့်ဝါသနာရှင်များမှ လာရောက်လေ့လာခဲ့ကြပါတယ်။
ငှက်မျိုးစိတ်များအား မှတ်တမ်းတင်စာရင်းပြုစုခြင်းပြုလုပ်ရာတွင် ငှက်မျိုးစိတ်ပေါင်း (၄၁) မျိုး မှတ်တမ်းရရှိခဲ့ပြီး၊ လှော်ကားဥယျာဉ်အတွင်း ငှက်ကြည့်ဝါသနာရှင်များမှ ငှက်မျိုးစိတ်များအား လေ့လာကြည့်ရှုနေတဲ့ ပုံရိပ်များအား မျှဝေပေးလိုက်ပါတယ်။ 🐦🦅
Bird Watching Tour ဆိုတာ ဘာလဲ 🤔
အလွန်အေးတဲ့ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွင် နေထိုင်ကျက်စားတဲ့ ငှက်အချို့ဟာ ဆောင်းရာသီမှာ သူတို့နေထိုင်ရာအရပ်ကနေ ပူနွေးတဲ့ အရပ်ဒေသနဲ့ အီကွေတာရပ်ဝန်းဒေသများဆီသို့ နှစ်စဉ် ခေတ္တမျှပြောင်းရွှေ့နေထိုင်တတ်ကြပါတယ်။
လှော်ကားဥယျာဉ်ဟာ ထိုသို့ တွေ့ရခဲလှတဲ့ ဆောင်းခိုငှက်ကလေးတွေ လာရောက်ကျင်လည်ကျက်စားရာ နေရာတစ်ခုဖြစ်သည့်အပြင် မြန်မာ့မျိုးရင်းငှက်များ၊ ရာသီအလိုက် သားပေါက်ရန် လာရောက်ကြတဲ့ ငှက်များနဲ့ ဒေသရင်း ငှက်မျိုးစိတ်များကိုအဝေးကြည့် မှန်ပြောင်း (Binocular) ထဲမှ တစ်ဆင့် ငှက်နာမည်၊ မျိုးစိတ်နဲ့ ကွဲပြားခြားနားတဲ့အရောင်အသွေး အသွင်အပြင်တွေကို လေ့လာခွဲခြားအဖြေရှာရင်း၊ ငှက်မျိုးစိတ်များနဲ့ သဘာဝဂေဟစနစ် ဆက်စပ်ပုံကို မှတ်တမ်းတင်လေ့လာနိုင်မယ့် အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။ တစ်နေ့တာ ခရီးစဉ်အတွင်း ငှက်မျိုးစိတ်ပေါင်း အနည်းဆုံး (၃၀) နဲ့အထက်ကို လေ့လာတွေ့ရှိနိုင်မှာလည်း ဖြစ်ပါတယ်။ 🐦🐤
အရောင်အသွေး အမျိုးအစားစုံလင်စွာ တွေ့နိုင်တဲ့ ငှက်မျိုးစိတ်တွေအကြောင်း လေ့လာချင်သူများအတွက် Bird Watching Tour ကို အနည်းဆုံး လူဦးရေ (၂)ဦး မှ စတင်ပြီး၊ အသင်းအဖွဲ့နဲ့ ကျောင်းများအတွက်ပါ စီစဉ်ပေးထားတာမို့ လာရောက်လေ့လာနိုင်ပါကြောင်း တင်ပြရင်း လှော်ကားဥယျာဉ်သို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗🤗🤗