International Vulture Awareness Day – Hlawga National Park

အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့

International Vulture Awareness Day - September (6)

ကမ္ဘာပေါ်တွင် ကမ္ဘာဟောင်းလင်းတ နှင့် ကမ္ဘာသစ်လင်းတဟူ၍ နှစ်မျိုးခွဲခြားထားပြီး စုစုပေါင်း လင်းတမျိုးစိတ် (၂၃) မျိုးရှင်သန်ပေါက်ဖွားနေထိုင်ပါသည် ။ ကမ္ဘာဟောင်းလင်းတများ ကို အာရှ ၊ အာဖရိက နှင့်ဉရောပတိုက်တို့တွင် တွေ့ရှိရပြီး အမေရိကနှင့် ကာရေဘီယံတို့တွင် ကမ္ဘာ သစ် လင်းတမျိုးစိတ်များကို တွေ့ရှိရပါသည် ။

မြန်မာနိုင်ငံတွင် လင်းတမျိုးစိတ် (၆) မျိုးကို တွေ့ရှိရပါသည် ။ မြန်မာနိုင်ငံတွင်တွေ့ရသော လင်းတ (၆) မျိုးမှာ လင်းတနှုတ်သီးရှည် ၊ လင်းတကျောဖြူ ၊ လင်းတခေါင်းနီ ၊ ဟိမဝန္တာလင်းတ ၊ လင်းတဖြူ နှင့် လင်းတမဲတို့ကို တွေ့ရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် လင်းတများကို ကချင် ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ် ၊ ရှမ်း ပြည်နယ် တို့တွင် တွေ့ရှိရသော်လည်း အကောင်ရေ တဖြည်းဖြည်းလျော့နည်း ကျဆင်းလာပြီး ယခုအခါ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့တွင်သာ တွေ့ရှိရပါတော့သည်။

ဆီအုန်းစားသော လင်းတမျိုးစိတ် (Palm nut vulture) တစ်မျိုးမှလွဲ၍ ကျန်သောလင်းတ မျိုးစိတ် အားလုံးသည် တိရစ္ဆာန်အသေကောင်များကိုသာ စားလေ့ရှိပြီး အချို့သော လင်းတမျိုးစိတ် များသည် ငှက်ငယ်များ ၊ အင်းဆက်များ နှင့် ကြွက်များကဲ့သို့သော သားကောင်ငယ်များကိုလည်း အမဲလိုက်၍ ဖမ်းဆီး စားသောက်တတ်ပါသည်။

လင်းတများသည် ၎င်းတို့နေထိုင်ရာ သဘာဝ ပတ်ဝန်းကျင်ရှိ ဇီဝမျိုးစုံ မျိုးကွဲများ၏ ထူးခြား သောလက္ခဏာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အသေကောင်များ နှင့် အခြားသော အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်းဖြင့် အရေးကြီးသော ဂေဟစနစ်ဝန်ဆောင်မှုများ ကိုလုပ်ဆောင်နေသည့် ငှက်များလည်း ဖြစ်ကြပါသည်။ ထို့ကြောင်း လင်းတများကို သဘာဝတရားကြီး အား အခမဲ့ သန့်ရှင်းရေးပြုလုပ်ပေးနေသူများ 'Nature's Clean-Up Crew' ဟု မကြာခဏ ရည်ညွှန်း တင်စား ခေါ်ဝေါ်လေ့ရှိကြပါသည်။

လေ့လာတွေ့ရှိချက် များအရ လင်းတ မရှိသော နေရာများ တွင် အသေ ကောင်များသည် ဆွေးမြေ့ရန် သုံးဆ (သို့မဟုတ်) လေးဆအထိ ကြာမြင့်ကြောင်း၊ တောရိုင်း တိရစ္ဆာန်များနှင့် အိမ်မွေး တိရစ္ဆာန်များ တွင် ရောဂါ ပြန့်ပွားမှု ကြီးမားသည့် သက်ရောက်မှုများရှိ နေပြီး လူသားများအတွက်ပါ ရောဂါပိုး အန္တရာယ် မြင့်မားစေနိုင်ကြောင်း သိရှိရပါသည်။

ထို့အပြင်လူသားများ၏ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး စသည်တို့ကို ဖျက်ဆီးခြင်း မရှိဘဲ လူသား တို့အတွက် ရောဂါဖြစ်လာနိုင်သော အသေကောင်ပုတ်များကို စားသုံး ပေးခြင်းဖြင့် ခွေးရူးရောဂါ နှင့် တီဘီရောဂါ ကဲ့သို့သော ရောဂါများပျံ့ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် လူသားများကို များစွာကူညီပေးနေသော ငှက်မျိုးစိတ်များ ဖြစ်ကြပါသည်။

လင်းတများသည် ဂေဟဗေဒအရ အရေးပါသောငှက်မျိုးစိတ်များဖြစ်ကြပြီး ယင်းတို့ ကျက်စား နေထိုင်ရာ နေရာအများအပြားတွင် ခြိမ်းခြောက်မှု အမျိုးမျိုးဖြစ်သော နေထိုင်ရာနေရင်း ဒေသ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာခြင်း၊ လူအများ အခြေချနေထိုင်လာခြင်းများ နှင့် နေရင်းဒေသများ ပျက်စီးဆုံးရှုံးလာခြင်း၊ ဓာတုဆေးဝါးများ အသုံးပြုသည့်အတွက် အဆိပ်သင့် သေဆုံးနေသော အသေကောင်များကို စားသုံးမိခြင်း၊ အစားအစာရရှိရန် ခက်ခဲလာခြင်း တို့ကြောင့် လင်းတမျိုးစိတ် (၂၃) မျိုးအနက် ထက်ဝက်ကျော်မှာ ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပြီး အချို့သောမျိုးစိတ်များမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။

သို့ဖြစ်ပါ၍ သဘာဝဂေဟစနစ် ထိန်းသိမ်းရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပြီး သဘာဝ ပတ်ဝန်းကျင်ကို အခမဲ့ သန့်ရှင်းရေး ပြုလုပ်ပေးနေသည့်အပြင် ကူးစက်ရောဂါများကို မပြန့်ပွားစေရန် ထိန်းချုပ်ပေးနေသည်ကို အခမဲ့ဝန်ဆောင်မူပေးနေသည့် စည်ပင်သာယာ လင်းတ ငှက်များ မျိုးသုဉ်း ပျောက်ကွယ် မသွားစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ် ပါကြောင်း အပြည်ပြည်ဆိုင်ရာ လင်းတများ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာမြှင့်တင်ရေး နေ့တွင် လင်းတများအကြောင်း သိကောင်းစရာ အချက်အလက်များအား ဝေမျှလိုက်ရပါသည်။

#InternationalVultureAwarenessDay

#VultureAwarenessDay

#SaveVultures

Copyright 2018. All rights reserved.